လေးစားထိုက်တဲ့ ပါရမီရှင်းလေး အားကြစရာကောင်းတယ်



    သူမ အကြောင်းကို ဖတ်လိုက်မိတော့ စိတ်ဝင်စားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အသက် ၉ နှစ်အရွယ်မှာ Microsoft ၏ အသိအမှတ်ပြု အောင်လက်မှတ်ရ ပရိုဖက်ရှင်နယ် ကွန်ပြူတာပညာရှင်လေး (Microsoft Certified Professional, MCP) တစ်ဦးဖြစ်နေလို့ပါပဲ။ အသက်အငယ်ဆုံး ပညာရှင်လို့လည်း သိရပါတယ်။

    Software ကုမ္ပဏီတစ်ခုဖြစ်တဲ့ Microsoft ကိုစတင်တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် Bill Gates ကိုယ်တိုင် အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ (Washington, America) ရှိ Microsoft ၏ ပင်မရုံး တည်ရှိရာသို့ လာရောက်ရန် သူမကို ဖိတ်ခေါ်ခဲ့သည်။ အဲ့ဒီအချိန်မှာ သူမအသက်က ၁၀ နှစ်၊ ဒါပေမယ့် ကွန်ပြူတာ programming ပညာရပ်တွေမှာ အသက်အရွယ်နှင့် မလိုက်အောင် ထူးချွန်ထက်မြတ်သည့်  အရည်အချင်းတွေ ပြသခဲ့လို့ လူအများ အံ့သြကြရတယ်။  ပြည်တွင်းမှာလည်း ပါကစ္စတန် ၀န်ကြီးချုပ်ကိုယ်တိုင် သူမကို ဆုများ ချီးမြှင့်ခဲ့တယ်။


     ဒူဘိုင်း (Dubai) မှာ ကျင်းပခဲ့တဲ့ IT (Information Technology) Professionals များ၏ အခမ်းအနား တွေကိုလည်း သူမတက်ရောက်ခဲ့တယ်။ Microsoft ၏ ဖိတ်ကြားခြင်းခံရလို့ သူမ တက်ရောက်ခဲ့တဲ့ Barcelona မှာကျင်းပသည့် Teh-Ed Developers conference  တွေ့ဆုံစည်းဝေးပွဲမှာ သူမဟာ ကွန်ပြူတာ အတတ်ပညာရှင်ပေါင်း ၅၀၀၀ အထဲမှ တစ်ဦးတည်းသော ပါကစ္စတန်တစ်ယောက် ဖြစ်တယ်။

     Arfa Karim Randhawa (အာဖါ ကရင်မ်) အမည်ရှိ သူမကို ပါကစ္စတန်နိုင်ငံ Faisalabad မြို့နယ်အတွင်းရှိ ရွာလေးတစ်ရွာတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ၁၉၉၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မိသားစုတွင် သမီးကြီးဖြစ်၍ မောင်ငယ်နှစ်ယောက်ရှိကာ သူမသည် အစ္စလာမ်ဘာသာ ကိုးကွယ်သည်။ အသက် ၁၆ နှစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူမ နေထိုင်မကောင်းသည့် အချိန် ဆေးရုံတက်နေစဉ် Bill Gates    မှ ဆေးရုံကုန်ကျစရိတ်ကို ကျခံရန် သူမ၏ မိဘများကို ကမ်းလှမ်းခဲ့ပြီး ဒီ့ထက်ကောင်းမွန်တဲ့ နည်းလမ်းများဖြင့် ကုသနိုင်ရန် အမေရိကားသို့ ခေါ်ဆောင်ရန် ဆွေးနွေးခဲ့သည်။ သို့သော် အသက်ရှုစက် တပ်ဆင်ထားရသောကြောင့် အပြောင်းအရွှေ့ မပြုလုပ်လိုသောကြောင့် ထိုအကောင်အထည် အထမမြောက်ခဲ့ပေ။ 

   ဇန်န၀ါရီလ ၁၄ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် Arfa သေဆုံးခဲ့ရာ အစ္စလာမ်ဘာသာဝင်များ၏ ထုံးစံအရ သေဆုံးသူအတွက် ၀တ်ပြုဆုတောင်းပွဲ (Namaz-e-Janaza, ဂျာနာဇာ နမာဇ်) ကို ပြုလုပ်ခဲ့ပြီး သူမ၏ မွေးဖွားရာဇာတိ ရွာလေးတွင် မြှုပ်နှံခဲ့သည်။ သူမ ဘ၀တွင် လူတော်တော်များများ မရရှိနိုင်သော အောင်မြင်မှု၊ ထင်ရှား လူသိများမှု၊ အသက်ငယ်ရွယ်ပေမယ့် ပညာတစ်ရပ်မှာ ထူးချွန်ပေါက်မြောက်မှုတွေ ရရှိခဲ့သည်။ Arfa အကြွေစောခဲ့ခြင်းဟာ ပါကစ္စတန်နိုင်ငံ အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်တယ်။ Arfa ဆုံးသွားတဲ့ သတင်းကြားပြီး Bill Gates ပြောခဲ့သည်မှာ  "Today is the black day of my life and same for Pakistan because I lost my princess colleague and Pakistan loss her Pakistani" သူမ၏ ဖခင်မှ ၀မ်းနည်းကြောင်းကို - "We are grieving her loss but she was a strong child. She was God's gift to us and now she has returned to Him."

     သူမ ရရှိခဲ့သည့် ဆုများမှာ - 

- Fatimah Jinnah Gold Medal in the field of Science and Technology in August 2005, presented by the Prime Minister of Pakistan
- Salam Pakistan Youth Award in August 2005, presented by President of Pakistan
- Award for Pride of Performance
- Ambassador for Pakistan Telecommunication Company
- After her death, Lahore Technology Park would be changed to Arfa Software Technology Park

Arfa and Bill Gates (left)

Praying at Arfa Karim's funeral
    
   *      *        *

   Arfa Karim ၏ အင်တာဗျုးလေးကို ဆက်လက် ဖတ်ရှုနိုင်ပါတယ်။ 

မေး။ ။ ကမ္ဘာပေါ်မှာ အသက်ငယ်ဆုံး ကွန်ပြူတာပညာရှင် genius တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရပါသလဲ?

ဖြေ။ ။  သမီး အရမ်းပျော်ပါတယ်။ ဒီလိုမျိုး လူသိများလာမယ်၊ ကြီးမားတဲ့ကိစ္စ တစ်ခု ဖြစ်လာမယ်လို့ သမီး မထင်ထားခဲ့ဘူး။ ဒါပေမယ့် ကိစ္စတစ်ခုကို အောင်မြင် အထမြောက်အောင် ပြုလုပ်နိုင်လို့ အရမ်းပျော်ပါတယ်။

မေး။  ။  အခုလိုမျိုး ဖြစ်လာတဲ့ ဇာတ်လမ်းကို ပြောပြပေးပါဦး?

ဖြေ။   ။ သမီး မူကြိုအရွယ်တည်းက ကွန်ပြူတာအခန်းတွေ အရှေ့က ဖြတ်သွားရရင် ကျောင်းသားကြီးတွေ အသုံးပြုနေတဲ့ သေတ္တာပုံလေးထောင့်အရာနဲ့ ကလစ်နှိပ်နေတဲ့ ဘဲဥပုံသဏ္ဍန်အရာကို စိတ်ဝင်စားခဲ့တယ်။ ပြီးတော့ သူတို့တွေ ဘာတွေ လုပ်နေလဲဆိုတာကို သိပ်သိချင်ခဲ့တယ်။ အဲ့ဒီကနေ သမီးရဲ့ စိတ်ဝင်စားမှု စတင်ခဲ့ပါတယ်။ သမီးအသက် ၇ နှစ်အရွယ်မှာ အဖေက ကွန်ပြူတာတစ်လုံး ၀ယ်ပေးခဲ့ပြီး သုံးရတာကို သမီးနှစ်သက်ခဲ့ပါတယ်။ Microsoft Word၊ PowerPoint တွေကို ကိုယ့်ဘာသာ လေ့လာမှတ်ယူခဲ့ပါတယ်။ ဒါနဲ့ သမီးအဖေက ကွန်ပြူတာကျောင်း (Computer Institute) ကို ခေါ်သွားပြီး ကျောင်းမှာ စစ်ဆေးမှု လုပ်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ သမီးက တော်တော်များများ သိထားတော့ software နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို တန်းပြီး လေ့ကျင့်ပေးပါတယ်။

မေး။  ။ ဘယ်လို လေ့လာပြင်ဆင်ခဲ့ပါသလဲ?

ဖြေ။   ။ ကျောင်းပိတ်ရက်တွေမှာ ကွန်ပြူတာကျောင်းမှာ သမီး မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ လေ့လာသင်ယူပါတယ်။ အစပိုင်းမှာ ပျင်းစရာကောင်းတယ် ထင်ပေမယ့် Windows-based application တွေက သုံးရတာလည်း လွယ်ကူပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲ့ဒါနဲ့ Assignments တွေလုပ်၊ ဂိမ်းတွေကစားနဲ့ ကျောင်းမှာ ပျော်ရွှင်ခဲ့ပါတယ်။

မေး။  ။ စာမေးပွဲ ဖြေတဲ့အခါ ဘယ်လိုပုံစံ မေးခွန်းမျိုးလဲ?

ဖြေ။   ။  ၃ နာရီကြာ Multiple choice  (အဖြေများထဲမှ မှန်ရာကို ရွေးရခြင်း) မေးခွန်းတွေကို ၄၅ မိနစ်နဲ့ အပြီးဖြေခဲ့ပြီး အောင်ခဲ့ပါတယ်။

မေး။   ။ အောင်မြင်မှုတွေရဖို့ ဘ၀မှာ ဘယ်လို ပြောင်းလဲခဲ့လဲ?

ဖြေ။   ။   Microsoft Pakistan  က သမီးအကြောင်း ကြားတဲ့အခါ ၄ နာရီကြာ စာစစ်မှုမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာ စည်းဝေးပွဲ conferences တွေ၊ အခမ်းအနားတွေကို ဖိတ်ခေါ်ခဲ့တယ်။ ဆုတံဆိပ်တွေလည်း အများကြီး ရခဲ့ပါတယ်၊ ဈေးဝယ်ထွက်တဲ့အခါ၊ လေယာဉ်ကွင်းမှာက အစ လူတွေက သမီးကို မှတ်မိပြီး လာနှုတ်ဆက်ကြတယ်၊ လက်မှတ်ထိုးခိုင်းတယ်။ အရမ်းပျော်ပါတယ်။ တချို့က မေးကြတယ် လွတ်လပ်တဲ့ ကလေးဘ၀ကို မရနိုင်တော့ဘူးပေါ့တဲ့။ ဒါပေမယ့် သမီးက MacDonald  မှာသွားစားတယ်၊ သူငယ်ချင်းတွေနဲ့ ဆော့တယ်။ သမီးလို အရွယ် ကလေးတွေ လုပ်တာ သမီး လွတ်လွတ်လပ်လပ် လုပ်နိုင်ပါတယ်လို့ ပြန်ဖြေခဲ့တယ်။

မေး။   ။ သမီးလို လူသိများတဲ့ သူတစ်ယောက်ကို ကျောင်းနေဖက်တွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ ဆက်ဆံရေးက အများနဲ့မတူဘဲ ခြားနားလား?

ဖြေ။   ။  မရှိပါဘူး။ အိမ်မှာ သမီးက MCP တစ်ယောက် မဟုတ်ဘူးလေ။ Arfa ပဲ။ ကျောင်းမှာလည်း အပြိုင်အဆိုင် စာကြိုးစားရတာပဲ။ သမီးက ကိုယ့်ကိုယ်ကိုယ် extraordinary သာမာန်မဟုတ်ဘဲ ထူးထူးခြားခြား တော်နေတယ်လို့ မထင်ပါဘူး။  သမီးရဲ့ စိတ်ဝင်စားစရာ အသက်မွေးဝမ်းကျောင်းမှု ပညာရပ် professional field မှလွဲရင် ကျန်တဲ့နေရာတွေမှာ သာမာန်လူတစ်ယောက်ပါပဲ။ သမီးမှာ ပရောဖက်ရှင်နယ်တစ်ယောက်နဲ့ ကလေးတစ်ယောက် ဘ၀ကို အပြောင်းအလွှဲ လုပ်လို့ရမယ် ခလုတ်တစ်ခု ပါတယ်လေး)

မေး။   ။  ဟုတ်ပါပြီ။ ဒါဆို သာမာန်  Arfa လေးက အားလပ်ချိန်မှာ ဘာတွေလုပ်တတ်လဲ?

ဖြေ။   ။ သမီး ကဗျာရေးတယ်၊ ကွန်ပြူတာဂိမ်း ကစားတယ်၊ ကာတွန်းကား ကြည့်တယ်၊ စာဖတ်တယ်၊ ကျမ်းမြတ်ကုရ်အာန်လည်း ဖတ်တယ်၊ cricket ကစားရတာလည်း နှစ်သက်တယ်။
   
မေး။   ။ ကြီးလာရင် ဘာလုပ်မယ်လို့ ရည်ရွယ်ချက် ရှိလား?

ဖြေ။  ။ ကမ္ဘာကြီးက ကြိုးမဲ့ wireless တစ်ခု ဖြစ်လာတော့ သမီး satellite engineer တစ်ယောက် ဖြစ်ချင်ပါတယ်။ Software တွေကို အသုံးပြုပြီး တစ်ခုခု လုပ်မယ်။

မေး။   ။   Bill Gates နဲ့ တွေ့ခဲ့ရတဲ့ အကြောင်း ပြောပြပါဦး?

ဖြေ။   ။ သူက နူးညံ့ကြင်နာပြီး စကားကို ညင်သာစွာ ပြောတတ်တယ်၊ မာန မရှိဘူး။ သူ့ဆီက သမီး နားလည် သင်ယူလိုက်တာက အမြင့်ကို ရောက်လေ၊ ပိုပြီး ကျိုးနွံယဉ်ကျေးလေ ဆိုတာပါပဲ။ 

Ref: Wikipedia, Gulf News, Daily Mail, BBC

(ကျွန်မတို့ လူငယ်တွေ အတုယူ အားကျနိုင်စေရန် ငယ်ရွယ် ထူးချွန်သည့် ပါကစ္စတန် မိန်းကလေး Arfa Karim အကြောင်း ဘာသာပြန် ရေးလိုက်ရပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆုံးပါးသွားတော့ အင်မတန်မှ နှမြောမိသလို သနားမိပါတယ်။ အစ္စလာမ်ဘာသာဝင် မွတ်စလမ် မိန်းကလေးငယ်များ၊ အမျိုးသမီးများ လောကီပညာရေးနှင့်၊ လောကုတ္ထရာ ဘာသာရေး ဗဟုသုတများကို လေ့လာသင်ယူပြီး ထူးချွန်ထက်မြတ်တဲ့ မွတ်စလမ်အမျိုးကောင်းသမီးများ ဖြစ်ကြပါစေရှင်...။ စာလာဖတ်သူများ အားလုံး ကျေးဇူးပါ။ )
'ဒါကလည်းကိုနေမင်းမောင်ဆီကပါပဲဗျာ..လေ့လာသင့်တယ်ထင်လို့
သူငယ်ချင်းတွေအားလုံးလေ့လာလွယ်၇န်တင်ပေးလိုက်ပါတယ်ခင်ဗျာ
ခင်မင်လေးစားစွာဖြင့် နေလင်းဖြိုး